ပွင့်ဖြူ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် ပဲလိပ်ပြာသီးနှံစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း၍ သီးနှံဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပဲလိပ်ပြာသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး (၂)လခွဲခန့်အကြာတွင် စတင်၍ အသီးများ လှိုင်လှိုင်ဆွတ်ခူးရရှိပြီး ရောင်းချရာ၌ ဒေသခံပြည်သူများက အကြိုက်တွေ့ ဝယ်ယူစားသုံးကြသဖြင့် ဈေးကွက်အတွင်း၌ ရောင်းအားကောင်းမွန်လျက်ရှိပြီး ဒေသခံတောင်သူများ ဆောင်းရာသီကာလများတွင် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မြေအောက်ရေနဲ့ မုန်းချောင်းရေကို အမှီပြုပြီး မုန်းချောင်းဘေးတစ်လျှောက် ကိုင်းမြေနှင့် မြေနုကျွန်းမြေတွေမှာ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စားပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို အားထား စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးရာမှာလည်း ပဲလိပ်ပြာသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ပဲလိပ်ပြာသီးနှံကို သဲဆန်သောမြေမှ မြေစေးအထိ အမျိုးမျိုး စိုက်ပျိုးနိုင်သော်လည်း ရေမဝပ်သော သဲနုန်းမြေ၊ နုန်းမြေနဲ့ နုန်းမြေစေးတို့မှာ ပိုမိုဖြစ်ထွန်း အောင်မြင်ပါတယ်။ တစ်ဧကကို အနည်းဆုံး မျိုးစေ့ (၆)ပြည်မှ (၇)ပြည်အထိ စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးပြီး အပင်ပေါက်လာချိန်မှာ နွယ်တက်စေရန် တိုင်ထောင်ပေးရပါတယ်။ သီးနှံပိုးမွှားရောဂါမရောက်စေဖို့အတွက် ပိုးသတ်ဆေး ဖျန်းပေးရပါတယ်။ စိုက်ပြီးအပင်ရက်သား (၇၅)ရက်ရှိရင် အသီးများ စတင်ဆွတ်ခူးပြီးတော့ ပဲလိပ်ပြာ(အစို)စေ့များကို ဈေးကွက်မှာ ရောင်းချလို့ရပါတယ်ဗျ။ ကျွန်တော်တို့ ဒေသမှာတော့ တောင်သူအများစုက ပဲလိပ်ပြာ၊ ဘိုစားပဲ ၊ ပဲလွမ်း စသဖြင့် စိုက်ပျိုးကြပါတယ်။ ပဲလိပ်ပြာသီးနှံကတော့ ပြုတ်စားလို့လဲ ကောင်းသလို၊ အရည်သောက်(ဟင်းချို)အဖြစ် ချက်ပြုတ်စားရင်လဲ အရသာရှိတဲ့အတွက်ကြောင့် ဒေသခံပြည်သူများက ယခုလို ဆောင်းရာသီကာလ ပေါ်ဦးပေါ်ဖျားမှာ အကြိုက်တွေ့ ဝယ်ယူစားသုံးကြလို့ အရောင်းသွက်နေပါတယ်။ ဈေးနှုန်းကတော့ ပဲလိပ်ပြာ(အစို) နို့ဆီဘူး တစ်ဘူးကို ငွေကျပ် ၄၀၀ ရောင်းချရပြီး (၁)ပြီဈေးနှုန်းက ၃၂၀၀ ကျပ်နဲ့ ရောင်းချရပါတယ်” ဟု ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်မှ ပဲလိပ်ပြာသီးနှံ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့် ဒေသခံ တောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေတောင်သူများ အဓိက စိုက်ပျိုးသည့်သီးနှံများမှာ စပါး ၊ နှမ်း ၊ မြေပဲ ၊နေကြာ ၊ပန်းနှမ်း ၊ပဲတီစိမ်း ၊ကုလားပဲ၊ ထောပတ်ပဲ ၊ပဲစင်းငုံ၊ ဖူးစားပြောင်းသီးနှံတို့ကို စိုက်ပျိုးကြကြောင်း သိရကာ မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများ၌ ဒေသခံတောင်သူများက ဆောင်းသီးနှံအဖြစ် ပဲလိပ်ပြာသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ သီးနှံအပိုဝင်ငွေရရှိစေရန် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ အောင်မြင်ဖြစ်ထွန်းမှုရှိ၍ သီးနှံဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)