မြို့သစ် ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ မြန်မာ့ရိုးရာလက်မှု့ပညာတစ်ခုဖြစ်သည့် ပျောက်ကွယ် လုနီးပါးဖြစ်နေသော ပန်းပဲဖိုလုပ်ငန်းများ ပြန်လည်အသက်ဝင်စပြုလာပြီဖြစ်ကြောင်း မြို့သစ်မြို့ရှိပန်းပဲလုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။
မြို့သစ်မြို့ပေါ်တွင်ပန်းပဲ ဖို(၇) ဖိုခန့် ရှိခဲ့ပြီး၊ပန်းပဲဖိုများမှဓါး၊ နှင့်လယ်ယာသုံးပစ္စည်းများ၊ လက်သမားသုံးပစ္စည်းများကို ထုတ်လုပ်ခဲ့ကြောင်းသိရသည်။ "မြို့သစ်ဆိုတာပန်းပဲဖိုထွက် ပစ္စည်းတွေဖြစ်သည့် ကပ်ကျေးနဲ့ ကိုင်းရမ်းဓား နာမည်ကျော်ခဲ့တဲ့ဒေသဖြစ်ကြောင်း၊ မြို့သစ်ကထွက်တဲ့ ကပ်ကျေး၊ ကိုင်းရမ်းဓားကို(၁၀)နှစ်လောက်အာမခံတယ်၊ ပန်းပဲဖိုတွေ ကလည်း တစ်လက်ဆို တစ်လက် ခိုင်ခန့်အောင်ပြုလုပ်ပြီး အာမခံနဲ့ရောင်းချပေးတယ်။ ခုနောက်ပိုင်း ကပ်ကျေးတစ်လက်ကို (၂၅၀၀/၃၀၀၀)လောက်နဲ့ ပစ္စည်းတွေဝင်လာတော့ အာမခံနဲ့ပြုလုပ်ရောင်းချတဲ့ ပစ္စည်းတွေကို သုံးစွဲသူနည်းလာခဲ့တယ်။ ပန်းပဲဖိုထွက် ကပ်ကျေးတစ်လက်ကို (၄၅၀၀)ကျပ်မှ(၇၀၀၀)ကျပ်ဝန်းကျင်ထိ ဈေးရှိပါတယ်။ ပန်းပဲဖိုတွေမှာ ထင်း၊ မီးသွေး ကုန်ကျစရိတ်၊ အလုပ်သမားစရိတ်နဲ့ တွက်ခြေမကိုက်ကြတာကြောင့် ဖိုတွေ တဖြည်းဖြည်းနည်းပါးလာကြောင်း၊ ကွမ်းညှပ်၊ ကပ်ကျေးလိုင်း၊ တံဇဉ်၊ တူရွင်း၊ ပေါက်ပြား၊ ဂေါ်ပြား၊ ဆောက်သွား၊ ရေပေါ်သွား၊ တူစသည့်လုပ်ငန်းလိုင်း၊ ဓားသီးသန့်လိုင်း၊ လှည့်မြီးချသည့် လုပ်ငန်းလိုင်း ဆိုပြီးရှိကာ၊ လယ်ယာသုံးဖြစ်သည့် ထယ်သွား၊ ထွန်သွားများကိုလည်း သီးသန့်ထုတ်လုပ်ကြကြောင်း သိရသည်။
"ကျွန်တော်တို့က မိဘတွေလက် ထက်ကတိုင်ဓါးသီးသန့်တစ်မျိုးဘဲထုတ်လုပ်ပါတယ်။ ဓားအတွက် ကားလေးသံကိုအသုံးပြုပြီး အာမခံဖြင့်ပြုလုပ်ပေးပါတယ်။ ဓားတစ်ချောင်းကို (၄၅၀၀)ကျပ်မှ (၃၀၀၀၀)ကျပ်ထိ အမျိုးအစားပေါ်မူတည်ပြီးရောင်းချသလို၊ စက်နင်းဓား၊ ကိုင်းရမ်းဓား၊ သစ်ခုတ်/ဝါးခုတ်ဓားတွေလည်းထုတ်လုပ် ရောင်းချပါတယ်ဟု မြို့သစ်မြို့မှ ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ ကိုဟန်ကပြောသည်။
ယခုကာလတွင် ပန်းပဲဖိုများအနေဖြင့် ထင်း၊ မီးသွေး ရှားပါးကာ ဈေးကြီးပေး၍ဝယ်ရခြင်း၊ ပန်းပဲဖိုအလုပ်သမားရှားပါးလာခြင်းနှင့် နိူင်ငံရပ်ခြားမှဝင်လာသည့် သံထည်ပစ္စည်းများ အလွယ်ဝယ်ယူရရှိခြင်းများကြောင့် ပန်းပဲဖိုလုပ်ငန်းများ တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါးဖြစ် နေသော်လည်း" ကျနော်တို့အနေနဲ့ တောင်သူများ ရိုးရာမပြတ် သုံးစွဲနေသော ကိုင်းရမ်းဓားတွေကို ဆက်လက်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း ( iprd)