ငရုပ်သီးပင်စိုက်ပျိုးသူ တောင်သူများ အမြတ်ငွေပိုမိုရရှိနိုင်

မြင်းမူ စက်တင်ဘာ ၂၃


စားဖိုဆောင်သုံး ငရုပ်သီးပင်များ စီးပွားဖြစ် စိုက်ပျိုးလာကြခြင်းကြောင့်၊ စိုက်ပျိုးသူတောင်သူများမှာ ယခုအခါ ပုံမှန်ဝင်ငွေများရရှိလျက်ရှိကြောင်း၊ စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်အတွင်းရှိ ငရုပ်သီး ပင်စိုက်ပျိုး လုပ်ကိုင်နေသူများထံမှသိရှိရသည်။
ငရုပ်ပင်ကို (၂)ပေပင်ကြား၊ (၃)ပေဘောင်ကြားထားကာ ဘောင်ဖြင့်စိုက်ပျိုးရကြောင်း၊ (၁)ဧက လျှင် ငရုပ်ပင်(၇၀၀၀)ခန့်စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး(၂)လအကြာတွင် အသီးစတင်ခူးယူကာရောင်း ချနိုင်ပြီဖြစ်ကြောင်း၊ (၁)လလျှင်(၂)ကြိမ် ခူးယူရပြီး  အပင်သက်တမ်းကြာလာသည်နှင့်အမျှ ငရုပ်သီးများ ပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်း၊ ပထမအကြိမ်ခူးဆွတ်စဉ်က ငရုပ်သီးအချိန်(၂၀၀)ခန့် ရရှိပြီးဖြစ် ကြောင်း၊  ယခုလက်ရှိ ဈေးကွက်တွင်(၁)ပိသာလျှင်(၁၆၀၀)ကျပ်ရှိသည့်အတွက် ဝင်ငွေ(၃)သိန်း ကျော်ရရှိသည်ဖြစ်၍  ကိုယ်ပိုင်မြေရှိပါက စိုက်ပျိုးသင့်သည့်အပင်ဖြစ်ကြောင်း၊ မြင်းမူမြို့နယ်၊  ဝမ်းပြည့် ကွင်း အတွင်း ငရုပ်သီး ပင် စိုက်ပျိုးလုပ်ကိုင်နေသူ ဦးလှမြင့်ထံမှသိရှိရသည်။
ငရုပ်ပင်(၁)ဧကလျှင် ငွေကျပ်(၆)သိန်းခန့်  ရင်းနှီးရသော်လည်း အပင်သက်တမ်းမှာ  (၇)လကြာ ဆွတ်ခူးနိုင်ပြီး အကြိမ်ရေအားဖြင့် (၁၄)ကြိမ်ခူးယူရမည်ဖြစ်၍   အမြတ်ငွေ  ပိုမိုရရှိမည်ဖြစ်ကြောင်းနှင့် ထွက် ရှိလာသည့် ငရုပ်သီးများကို မုံရွာကုန်သည်များက တိုက်ရိုက်ခြံ အထိလာ ရောက်ဝယ် ယူကြကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)