သဲကုန်း ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ကျပန်းစကားပြောပြိုင်ပွဲကို Grad-11 ကျောင်းသား၊ ကျောင်းသူများက "လက်ဆင့်ကမ်းပေဘိုးဘွားအမွေ"၊ "လွတ်လပ်ရေးအဒွန့်ရှည်ဖို့ ပြည်သူအားလုံးဝိုင်းကူစို့"၊ "လွတ်လပ်ရေးအမွေထိန်းစို့လေ"၊ လွတ်လပ်ချစ်ကြည် မြန်မာပြည်"၊ လွတ်လပ်ရေးနှင့်လူငယ့်တာဝန်" ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ပထမဆုကို အ.ထ.က အင်းမ(တပ်နယ်)မှ ကျောင်းသူ မခရေ၊ ဒုတိယဆုကို အ.ထ.က(အင်းမ)မှ မသက်ထားစံ၊ တတိယဆုကို အ.ထ.က(ပုတီးကုန်း)မှ မောင်ထက်နိုင်ဦးတို့မှ ဆုရရှိကြပြီး ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောက်များဖြန့်ဝေပြီး၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)