ဂန့်ဂေါ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၁) ရပ်ကွက်၊ ရေပုတ်လမ်းသွယ်(၃) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအားလုံး မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး မြို့တွင်းလမ်းများကို ပြည်သူများသွားလာရေးအဆင်ပြေစေရန်အတွက် ကွန်ကရစ်လမ်းသစ်များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍများလည်း ပိုမိုကောင်းမွန် တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်ဦးက ရေပုတ်လမ်းသွယ်(၃) ကွန်ကရစ်လမ်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရေပုတ်လမ်းသွယ် (၃)နေ မိဘပြည်သူတစ်ဦးမှ ကွန်ကရစ်လမ်းခင်းပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး ရဲရန်ပိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခိုင်ထွန်း၊ ဂန့်ဂေါမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်ဦးနှင့် ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အကျိုးတော်ဆောင် ဦးကြင်ဆွေတို့က ရေပုတ်လမ်းသွယ်(၃) ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါမြို့ အမှတ်(၁) ရပ်ကွက်၊ ရေပုတ်လမ်းသွယ်(၃) ကွန်ကရစ်လမ်းသစ်သည် အလျား ၂၂၅ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၈ လက်မ ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သိန်းကိုးဆယ်တိတိဖြင့် ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)