ဟုမ္မလင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးပွဲ ကျင်းပ

ဟုမ္မလင်း ဇန်နဝါရီ ၂

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ လူထုစုပေါင်းစက်ဘီးစီးပွဲကို ယနေ့နံနက် (၆)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စက်ဘီးစီးပွဲအား နောင်ပကျစ် ရပ်ကွက်ရှိ We Love Homalin ဆိုင်းဘုတ်ရှေ့တွင် စုရပ်ပြုလုပ်၍ ဆိုင်းဘုတ်ရှေ့မှ မြို့ပတ်လမ်းဆုံ ဗိုလ်ချုပ်ကြေးရုပ်- ချင်းတွင်းတံတားချဥ်းကပ်လမ်း- ပြည်တော်သာလမ်း မြို့နယ် အားကစားကွင်းသို့ စီးနင်းခဲ့ကြပြီး၊ ပါဝင်ဆင်နွဲသူများအား မြို့နယ်အားကစားကွင်းတွင် ငွေကျပ် (၁၀)သိန်းတန်ဖိုးရှိ လက်ဆောင်ပစ္စည်းများ ကံစမ်းမဲနှိုက် ဖွင့်ပေါက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စက်ဘီးစီးပွဲသို့ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ်မြင့်သောင်း၊ စစ်ကိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမြတ်သူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် ပြည်သူများ စုစုပေါင်း(၃၅၀)ဦးခန့် ပါဝင်စီးနင်းခဲ့ကြကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)