အိမ်မဲ ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ တွင် ကျရာက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ် ဘောလုံးပြိုင်ပွဲနှင့် အလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲများကို ယမန်နေ့က စတင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ယှဉ်ပြိုင်နေကြသည်။
အဆိုပါ ပြိုင်ပွဲများကို အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး ဦးဆောင် လမ်းညွှန်မှု၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှ ကြီးကြပ်မှုဖြင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖူဆယ် ဘောလုံးပြိုင်ပွဲနှင့် အလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲများကို ၂၀၂၃ ခုနှစ်ဇန်နဝါရီလ (၁) ရက် နံနက် (၈)နာရီအချိန်မှစတင်ကာ ကျင်းပခဲ့သည်။
ထိုကဲ့သို့ ပြိုင်ပွဲများကျင်းပရာတွင် အထက်ပိုင်းရပ်ကွက် မြို့မလူငယ်လေ့ကျင့်ရေးဘောလုံးကွင်း အတွင်း Happy ဖူဆယ်ဘောလုံးကွင်း၌ အသင်း (၈)သင်းဖြင့် လည်းကောင်း၊ အိမ်မဲကြီးရပ်ကွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ အားကစားခန်းမ၌ အလွတ်တန်းအမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း (၈)သင်းဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြသည်။
“ဖူဆယ်ဘောလုံးပြိုင်ပွဲအနေနဲ့ အသင်း (၈)သင်းပါဝင်ယှဉ်ပြိုင်ကြပြီး ဇန်နဝါရီလ (၁)ရက်နေ့က အသင်း(၈)သင်းစလုံးပတ်လည်ကန်ပြီးပါပြီ။ဒီနေ့မနက် (၈) နာရီမှာတော့ အထက်ပိုင်းအသင်းနဲ့ စာချွန်ခံ အသင်းတို့ယှဉ်ပြိုင်တာ အထက်ပိုင်းကအနိုင်ရပါတယ်။ ညနေ(၄) နာရီမှာ ဆိုလည်း လယ်ပေါ်အသင်းနဲ့ တကောအသင်းတို့ ယှဉ်ပြိုင်ကြမှာပါ။ အဲ့ကအနိုင်ရတဲ့အသင်းနဲ့ အထက်ပိုင်း အသင်းတို့ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇန်နဝါရီလ (၄) ရက်နေ့မှ ပထမဆုနဲ့ ဒုတိယဆုများကို ချီးမြှင့်ပေးသွားမှာပါ။ အလွတ် တန်းအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်း အဲ့နေ့မှာ ပထမဆု၊ ဒုတိယဆုများ ချီးမြှင့်ပေးသွားမှာပါလို့” မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံ ဒေါ်အိအိမျိုးက ပြောသည်။
အိမ်မဲမြို့နယ်တွင်၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက် နံနက်(၅)နာရီအချိန် တွင်မီနီမာရသွန်ပြိုင်ပွဲ၊ နံနက် (၇) နာရီတွင် ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် မီတာ (၅၀)၊ (၁၀၀) အပြေးပြိုင်ပွဲများ နံနက် (၈) နာရီတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ခြင်းလုံးပြိုင်ပွဲများကို စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)