ရွှေကျင် ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သဲစုအောင်က (Talk Show)ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အလက(ခွဲ)ပွဲကုန်း ကျောင်းအုပ်ဆရာကြီးဦးထွန်းမင်းလတ်ကပြောကြားရာတွင် မြန်မာနိုင်ငံသည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှုတို့ဖြင့် နေထိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ အင်္ဂလိပ်နယ်ချဲ့တို့၏ ကိုလိုနီကျွန်ပြုခြင်းကို နှစ်တစ်ရာကျော်ခံခဲ့ရကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်မှုဖြင့် ပြန်လည်တွန်းလှန်တိုက်ခိုက်မှုကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် သူ့ကျွန်ဘဝမှလွတ်မြောက်ပြီး အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်ခုဖြစ်လာကြောင်း၊ ယခုနှစ်တွင်ကျရောက်သောလွတ်လပ်ရေးသည်(၇၅)နှစ်မြောက် စိန်ရတုတိုင်ခဲ့ပြီးဖြစ်ကြောင်း လွတ်လပ်ရေးရရှိရေးအတွက် အသက်သွေးချွေးများ စတေးပြီးရယူခဲ့ရကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးကို တန်ဖိုးထားရှိကြရန်နှင့်၊ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)