ဝေါမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျိုက်လှကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

ဝေါ ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျိုက်လှကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက အဆိုပါလမ်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထွန်းက အဖွင့်အမှာစကားပြောရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ ကျေးလက်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရရှိပြီးသော ဖွံ့ဖြိုးမှုအခြေအနေများကို ဆက်လက်ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ကျေးရွာပြည်သူများ၏ လူမှုစီးပွားနှင့်ကုန်ထုတ်လုပ်မှု လွယ်ကူချောမွေ့ပြီး ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ရေးတို့အတွက် ဒေသခံပြည်သူများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကျေးရွာပြည်သူများကိုယ်စားရပ်မိရပ်ဖ ဦးချစ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထွန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ငြိမ်းငြိမ်းအိနှင့် (VDP) ကော်မတီဥက္ကဋ္ဌ ဦးအေးချမ်းမောင်မောင် တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ဝေါမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် ကျိုက်လှကျေးရွာ ကွန်ကရစ်လမ်းသစ်ကို နိုင်ငံတော်မှ ကျပ်သိန်း (၁၀၀) နှင့် ကျေးရွာမှ ပြည်သူထည့်ဝင်ငွေကျပ် (၃၅) သိန်း စုစုပေါင်း (၁၃၅) သိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဖြစ်ပြီး၊ အရှည်(၆၅၀)ပေ၊ အကျယ်(၁၂)ပေနှင့် အမြင့်(၆)လက်မ ကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ ဆက်)