နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာတွင် တစ်နိုင်တစ်ပိုင် စပျစ်စိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ

နတ်မောက်  ဇန်နဝါရီ ၂

စားသုံးသူစျေးကွက်တွင် လူကြိုက်များလာသည့် စပျစ်စိုက်ပျိုးသည့်လုပ်ငန်းကို နေရာဒေသမရွေး တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြကြောင်း သိရသည်။ နတ်မောက်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ တစ်နိုင်တစ်ပိုင် စပျစ်များ စိုက်ပျိုးလာကြပြီး ရရှိသည့် စပျစ်သီးများကို မြို့မစျေးသို့တင်ပို့ ရောင်းချလျက်ရှိသည်။

“ကျွန်တော် စပျစ်စိုက်ပျိုးလာတာ ခုနှစ်ဆိုရင် ၆ နှစ်ရှိပါပြီ၊ တစ်နှစ်ပြီးတစ်နှစ် အထွက်နှုန်းကောင်းပါတယ်၊  ပျိုးပင်ကိုတော့ ရမည်းသင်းမြို့နယ်ကို သွားရောက်ဝယ်ယူရပါတယ်၊ ပျိုးပင်စျေးနှုန်းက တစ်ပင်ကို (၃၅၀) ကျပ် ပေးဝယ်ရပြီးတော့ စပျစ်ပင် (၅၀၀)ကျော် စိုက်ပျိုးထားပါတယ်၊ စပျစ်သီးမှည့်ချိန်ကတော့ သတ်မှတ်ချက် မရှိပါဘူး၊ စျေးကွက်ကိုမှန်း၍ လေးလကြိုပြီး ကိုင်းဖြတ်ပေးရပါတယ်၊ စက်တင်ဘာလဆန်းပိုင်းမှာ ကိုင်းဖြတ်ထားတဲ့ စပျစ်များဟာ ခုဆိုရင် စျေးကွက်ကို တင်ပို့ရောင်းချနေရပါပြီ၊  အထွက်နှုန်းကတော့ ပြီးခဲ့တဲ့နှစ်ကို မမီဘူးဗျ၊ ဒါပေမယ့် စျေးကတော့ အရင်နှစ်က စပျစ်တစ်ပိဿာကို (၁၈၀၀)ကျပ်ရောင်းချရပြီး ဒီနှစ်မှာတော့ စပျစ်သီးတစ်ပိဿာကို လက်ကားစျေး(၃၈၀၀)ကျပ်ရောင်းချရပြီး လက်လီစျေး(၄၀၀၀)ကျပ် ရောင်းရ ပါတယ်”ဟု  စပျစ်စိုက်ပျိုးသူ ကိုဝေယံစိုးက ပြောသည်။ စပျစ်အမျိုးမျိုးရှိပြီး ဘလက်ကွင်း၊ သီးချွန်၊ ရွှေနီ၊ သခွားမွှေး၊ ဘောဘလပ်၊ အာဂျီ(ပန်းရောင်)တို့အနက် စားသုံးသူစျေးကွက်ဝင်အမျိုးအစားများကို ရွေးချယ် စိုက်ပျိုးရပြီး စပျစ်ပင်(၅၀၀)စိုက်ပျိုးပါက ပျိုးပင်ဘိုး၊ ရေတင်ရန်(စက်သုံးဆီ) လုပ်အားခ၊ ဆေးဖိုးစသည့်ဖြင့် (၁၆)သိန်းခန့်ကုန်ကျမှုရှိကြောင်း သိရသည်။

မူမူစန်း