ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာရောင်းချ၊ အခမဲ့ကျန်းမာရေး စောင့်ရှောက်ခြင်းများဆောင်ရွက်ပေး   

ကန့်ဘလူ ဇန်နဝါရီ   ၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ အခြေခံစားသောက်ကုန် များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့်ဇန်နဝါရီ ၂ ရက်နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ရောင်းချပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆန်တစ်ပြည်၊ ဆီ ၁၀ ကျပ်သား၊ ငါးခြောက် ၁၀ ကျပ်သားနှင့်ကြက်ဥ ငါးလုံးစသည့် ပစ္စည်းလေးမျိုးတို့ကို ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်သည်။

အဆိုပါခန်းမ၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးပြီး၊ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)