လွိုင်ကော် စက်တင်ဘာ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် Online မှတစ်ဆင့် အသိပညာပေး ဆွေးနွေးခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ စက္ကူခေါက်ခြင်းစသည့် အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ စားသုံးသူဆိုင်ရာဆွေးနွေးပွဲ ကို ယနေ့ မွန်းလွဲ ၁ နာရီက လွိုင်ကော်ခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြို့ရီက စားသုံး၏အဓိပ္ပါယ်၊ စားသုံးသူကာကွယ်ရေး၊ စားသုံးသူအခွင့်အရေး၊ စားသုံးသူ ထိခိုက်နစ်နာမှု နှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မည့်နည်းလမ်းများ ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး စားသုံးသူများအနေဖြင့် စားသုံးသူ ဆိုင်ရာ အခွင့်အရေးများကို သိရှိထားရန်လိုကြောင်း သို့မှသာ စားသုံးသူဆိုင်ရာ အခွင့်အရေးကို အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကယား ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် Online မှ တစ်ဆင့် အသိပညာပေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
အောင်ထွန်းလေး(ပြန်/ဆက်)