ငဖဲမြို့နယ် တောင်ပေါ်ဒေသ ကျေးရွာများ၌ ဘိန်းစိုက်ခင်း  ၄ ဒသမ ၂၅ ဧကခန့် တွေ့ရှိ၍ ဝိုင်းဝန်းဖျက်ဆီး

ငဖဲ  ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဘိန်းစိုက်ရာသီကာလ၌ ဘိန်းစိုက်ပျိုးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဖျက်ဆီးမှု ဆောင်ရွက်နိုင်ရန်အတွက်  တောင်ပေါ်ဒေသ ကျေးရွာအုပ်စုများအတွင်းရှိ ဘိန်းစိုက်ခင်းများကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်၍ ပူးပေါင်းစစ်ကြောင်း အဖွဲ့များက သွားရောက်ဖျက်ဆီး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ပဘဲကျေးရွာအုပ်စု မကန်းကျေးရွာနှင့် ရှောက်ရင်းကျေးရွာတို့တွင် ဘိန်းစိုက်ခင်း ၄ ဒသမ ၂၅ဧကခန့် ရှာဖွေတွေ့ရှိရ၍ ဝိုင်းဝန်းဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဖျက်ဆီးရာတွင် ငဖဲမြို့နယ် ကပစ(၁၄)မှ စစ်ကြောင်းမှူးဗိုလ်မှူးလင်းသန့် ဦးစီးသောအဖွဲ့နှင့် ငဖဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်စောဦး ဦးစီးသော ပူးပေါင်း စစ်ကြောင်းအဖွဲ့(၁)သည် ယမန်နေ့ နံနက်ပိုင်းတွင် ပဘဲကျေးရွာအုပ်စု မကန်းကျေးရွာသို့ ရောက်ရှိပြီး  ကျေးရွာ၏ ပတ်ဝန်းကျင်အား ရှာဖွေရှင်းလင်းရန်ထွက်ခွာခဲ့ရာ  ကျေးရွာ၏ အရှေ့တောင်ဘက်  ၆ မိုင်ခန့်အကွာ တောင်စောင်းတွင် စိုက်ပျိုးထားသော ဘိန်းပင်သီးပွင့်ဆဲ အမြင့် ၂ ပေခန့်ရှိ ဘိန်းခင်း ၂ ဧကခန့် နှင့် ကပစ(၁၄)မှ စစ်ကြောင်းမှူး ဗိုလ်မှူးအောင်သူ ဦးစီးသောအဖွဲ့နှင့် ငဖဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူးဇော်ဝင်း ဦးစီးသော ပူးပေါင်း စစ်ကြောင်းအဖွဲ့(၂)သည် ရှောက်ရင်းကျေးရွာ၏ တောင်ဘက် ၃မိုင်ခန့်အကွာ တောင်စောင်းတွင် စိုက်ပျိုးထားသော ဘိန်းပင်သီးပွင့်ဆဲ အမြင့် ၃ပေခန့်ရှိ ဘိန်းခင်း ၂ဧကခန့် နှင့် ၄မိုင်ခန့်အကွာတွင် ဘိန်းပင် အမြင့် ၁ပေခန့်ရှိ ဘိန်းခင်း ဒသမ ၂၅ ဧကခန့် စုစုပေါင်းဘိန်းခင်း ၄ ဒသမ ၂၅ ဧကခန့်ကို ရှာဖွေတွေ့ရှိ၍ ဝိုင်းဝန်း ပူးပေါင်းဖျက်ဆီးခဲ့ကြသည်။

အဆိုပါ ပူးပေါင်းစစ်ကြောင်းအဖွဲ့များသည် ငဖဲမြို့နယ် တောင်ပေါ်ဒေသကျေးရွာများတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ ၆ရက်ကြာ ဘိန်းခင်း စုစုပေါင်း ၂၁.၂၅ ဧကခန့်ဝိုင်းဝန်းပူးပေါင်း၍ ဖျက်ဆီးကာ ဒေသခံတောင်သူများအား ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးဆောင်ရွက်ရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)