အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဘားအံပညာရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ဘားအံ ဇန်နဝါရီ ၁

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘားအံပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။

ဦးစွာ ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက ဒေါ်အေးအေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ Moderator အဖြစ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးကဆောင်ရွက်ပြီး မောင်ထက်ဝေအောင်က ကူညီပံ့ပိုးပေးကာ ဘားအံပညာရေးဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူများဖြစ်ကြသော မောင်ပြည့်တိုးအောင်က လူငယ်နှင့်ပညာရေး၊ မခင်ယွန်းထက်က လူငယ် နှင့်အသက်မွေးဝမ်းကြောင်း၊ ခွန်ငွေရွှေမောင်က လူငယ်နှင့်အားကစား၊ မဖြိုးအိခိုင်က လူငယ်နှင့်အိုင်တီနည်းပညာ၊ မနုနုစန်းက လူငယ်နှင့်လူမှုဆက်ဆံရေး ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက မရှင်းလင်းသည်များ၊ သိရှိလိုသည်များအား မေးခွန်းများ မေးမြန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ ဘားအံပညာ ရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်းအင်အား ၄၅၀ ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)