မောတောင်မြို့၌ ဒီဇင်ဘာလနောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ တပျော်တပါးပျော်ရွှင်စွာဆင်နွှဲ

တနင်္သာရီ ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလကို လူထုစုပေါင်း အားကစားလအဖြစ်သတ်မှတ်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်း ဆင်နွှဲလျက်ရှိရာ ယနေ့နံနက်၅နာရီအချိန်မှစ၍ ဒီဇင်ဘာလနောက်ဆုံးပတ်အဖြစ် မောတောင်မြို့တွင်းလမ်းများအတိုင်း တပျော်တပါးပျော်ရွှင်စွာပါဝင်ဆင်နွဲ့ကြကြောင်း သိရသည်။

၎င်းလူထုလမ်းလျှောက်ပွဲကို မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အထက-မောတောင်မှ ဆရာ/ဆရာမများနှင့်ကျောင်းသား/သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများနှင့်အားကစားဝသနာရှင်များ၊ ဒေသခံများ အင်အား(၂၀၀)ဦးတို့က ပြည်ထောင်စု(၁)လမ်း စုရပ်နေရာမှစ၍ မြို့အဝင်လမ်းဆုံမှတဆင့် ပြည်ထောင်စု(၂)လမ်းနှင့် အောင်ဇေယျလမ်းအတိုင်း မိုးလုံလေလုံအားကစားခန်းမအထိ တပျော်တပါး စုပေါင်းလမ်းလျှောက်ဆင်နွဲ့ခဲ့ကြသည်။

ဆက်လက်၍ မိုးလုံလေလုံအားကစားခန်းမအတွင်း အထက-မောတောင်ကျောင်းမှ အထက်တန်းပြဆရာ ဦးစိုးသူငြိမ်းနှင့်ဦးဖြိုးကိုဦးတို့၏ဦးဆောင်မှုဖြင့် ကိုယ်လက်ကြံ့ခိုင်ရေးနှင့် Fitness Dance အကတို့ဖြင့် သွေးပူလေ့ကျင့်ခန်းများနှင့် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို ပျော်ရွှင်စွာနှင့်တပျော်တပါး စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် လမ်းလျှောက်ပွဲသို့ လိုက်ပါဆင်နွဲ့သူများအား  မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လမ်းလျှောက်ပွဲအမှတ်တရနှင့် ၂၀၂၃ နှစ်သစ်ကြို အမှတ်တရလက်ဆောင်(၂၈)မျိုးကို ကံစမ်းမဲစနစ်ဖြင့် ကံစမ်းရွေးချယ်၍ ချီးမြှင့်ပေးပြီး လက်ဖက်ရည်နှင့်မုန့်ဖြင့် ဧည့်ခံကျွေးမွေးကြောင်းနှင့် မောတောင်မြို့တွင် ဒီဇင်ဘာအားကစားလအတွင်း ပထမပတ်မှနောက်ဆုံးပတ်အထိ (၅)ပတ်တိတိ လူထုလမ်းလျှောက်ပွဲကို ပြုလုပ်ဆင်နွှဲခဲ့ကြောင်း မောတောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)