မြို့နယ်အဆင့် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရေးသင်တန်း ကျွန်းစုမြို့၌ ဖွင့်လှစ်သင်ကြား

ကျွန်းစု ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်း (၂)ရက်သင်တန်းကို မြို့နယ်ကျွန်းရတနာခန်းမ၌ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၃၀)ရက်နေ့ နေ့လယ်(၁၂)နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ံအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ကာ သင်တန်းကို စတင်သင်ကြားပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်လဝက ဦးစီးမှူး ဦးဇော်ဝင်းအောင်နှင့် နည်းပြ(၉)ဦးက မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ ရပ်ကွက်/ ကျေးရွာအလိုက် မြေပြင်တစ်အိမ်တက်/ ဆင်း စာရင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ စာရင်းကောက်လက်စွဲစာစောင်ပါ မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်း စီမံခန့်ခွဲမှုလမ်းကြောင်းများ၊ ကွင်းဆင်းဆောင်ရွက်ရာတွင် စာရင်းကောက်များမှဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ၊ အိမ်ထောင်စုလူဦးရေစာရင်း ပြင်ဆင်/ ဖြည့်စွက်/ ပယ်ဖျက်ခြင်းများ ဆောင်ရွက်ခြင်း၊ အမည်ကွဲလွဲနေခြင်း၊ မွေးသက္ကရာဇ်ကွဲလွဲနေခြင်း၊ (နိုင်)နံပါတ်ကွဲလွဲနေခြင်းနှင့် အခြားအကြောင်းအရာများ ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သေဆုံး/ ပြောင်းထွက်နှင့် မြေပြင်တွင်နေထိုင်ခြင်းမရှိသူများအား ပယ်ဖျက်ခြင်း၊ အခြားအကြောင်းအမျိုးမျိုးကြောင့် ပယ်ဖျက်ခြင်းဆောင်ရွက်ရမည့်နည်းလမ်းများနှင့် အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါဝင်သူများအား သီးခြားစာရင်းကောက်ယူခြင်း၊ အိမ်ထောင်စုပုံစံအလွတ်ရေးသွင်းခြင်း၊ နေ့စဉ်စာရင်းပြုစုခြင်း၊ စာရင်းကောက်ပြီးချိန် စာရင်းချုပ်ပြုစုခြင်းနှင့် ပုံစံများပြန်လည်အပ်နှံခြင်း စသည့်အချက်များအားဆွေးနွေးပို့ချခဲ့သည်။

သင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဒီဇင်ဘာ(၃၀)ရက်နေ့မှ (၃၁)ရက်နေ့ အထိ (၂)ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင် (ပြန်/ ဆက်)