ပွင့်ဖြူ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာ ၂၂ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ ၁၁ ကေဗွီ ဓာတ်အားလိုင်းပေါ်သို့ သစ်ပင်ပြိုလဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရ၍ ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေး စေရေးအတွက် အချိန်နှင့် တစ်ပြေးညီ သွားရောက်ပြုပြင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရကာ ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာအနီး ၁၁ ကေဗွီ ဓာတ်အားလိုင်းပေါ်သို့ ကင်ပွန်ခါးပင်ပြိုလဲကျမှုဖြစ်ပွားခဲ့ရာ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြန်လည် သုံးစွဲခွင့်ရရှိစေရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ၏ ဦးဆောင်မှုဖြင့် လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က ယိုင်နဲ့သွားသော ဓာတ်အားလိုင်းတိုင်များ ပြန်လည်တည့်မတ်ခြင်းနှင့် ဓာတ်အားလိုင်းကြိုးများ ကြံ့ခိုင် ကောင်းမွန်ရေး ပြုပြင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း နှင့် အဆိုပါ သစ်ပင်ပြိုလဲမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး )