ကျိုက်လတ် ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို စနေနေ့တိုင်းပြုလုပ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှု မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ယနေ့နံနက်(၅)နာရီက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲကို နောက်ဆုံးပတ်အနေဖြင့် စုပေါင်းလမ်းလျှောက် လေ့ကျင့်ခန်းများပြုလုပ်၍ ကံစမ်းမဲများ ဖောက်ပေးခဲ့ကြသည်။
အဆိုပါ လူထုလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၄၀၀)ဦးခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်ထွက်၍ (၅)ရပ်ကွက် ၁၂ လမ်း၊ ၁၂ လမ်းမှ ဦးစန္ဒာလမ်းမကြီးအတိုင်းသွား၍ အမှတ်(၄)ရပ်ကွက်၊ ၁၀ ဖြတ်လမ်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အားကစားကွင်းအတွင်း စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲသည့် ပြည်သူများပျော်ရွှင်မှုရစေရန်အတွက် တန်ဖိုးငွေငါးသိန်းကျော်ဖိုးရှိ ဗလာမပါကံစမ်းမဲ (၂၇)မျိုးကိုလည်းမဲဖောက်၍ ပေးခဲ့ကြောင်းသိရသည်။
ရီရီမြင့်