ဒီဇင်ဘာအားကစားလ နောက်ဆုံးပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲသူများအား ဗလာမပါကံစမ်းမဲများဖွင့်ဖောက်ဆုချီးမြှင့်

ဘားအံ ဒီဇင်ဘာ ၃၁

ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်၍ ကိုယ်စိတ်နှလုံးကျန်းမာရွှင်လန်းစေရန်ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ ပဉ္စမပတ်(နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲခန့်က ဘားအံမြို့၊ သီရိကွင်းရှေ့၌ ကျင်းပသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သူနာပြုသင်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဘားအံမြို့ပေါ်ရပ်ကွက်များရှိ တိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၃၃၉၅ ဦးခန့်သည် သီရိလမ်း၊ အင်ကုန်းလမ်း၊ ဘားအံ-ထုံးအိုင်လမ်း၊ ကမ်းနားလမ်း၊ ပိတောက်လမ်း၊ ထိုမှတစ်ဆင့် သီရိလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်းဝင်ရောက်ကာ အကြောလျှော့လေ့ကျင်းခန်းများဆောင်ရွက်၍ စုပေါင်းကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဒီဇင်ဘာအားကစားလ ပဉ္စမပတ်(နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ယှဉ်နွဲသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပြည်နယ်မီးသတ်တပ်ဖွဲ့မှ ဗလာမပါကံစမ်းမဲများဖွင့်ဖောက်ပေးခဲ့ရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်နောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ တီဗီ၊ စက်ဘီးအစရှိသည့် ဆုမဲများအားပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ နံနက်စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)