ဆိပ်ဖြူ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်တာဝန်ထမ်းဆောင်နေ ကြသည့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း)များအား ရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်း တာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန် နေ့ နံနက် ၁၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ငွေသဲဖြူ)ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးပိုင် က နိုင်ငံတော်က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မိမိတို့တာဝန်ကျရာ ရပ်ကွက်၊ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ရုံးဖွင့်ရက်များတွင်သာမက (စနေ၊ တနင်္ဂနွေ) ရုံးပိတ်ရက်များတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ (၁-၈-၂၀၂၀)မှ (၃၀-၉-၂၀၂၀)ရက်အတွင်း အစိုးရရုံးပိတ်ရက် (၁၉) ရက်အတွက် ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းတာဝန်များကို ကြိုးစား ဆောင်ရွက်မှု အပေါ်အသိအမှတ်ပြုသောအားဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ပါကြောင်း နှင့် ဆက်လက်ပြီး မိမိတို့တာဝန် ယူဆောင်ရွက်ရသော ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းများကိုကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်းနှင့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတာဝန်များကို ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) (၄၆)ဦးအား နိုင်ငံတော်မှ ရပ်ကွက်၊ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်း တာဝန်များကို (စနေ၊ တနင်္ဂနွေ)အစိုးရရုံးပိတ်ရက် (၁၉)ရက်စာ တာဝန်ကျေပွန်စွာ ကြိုးစား ဆောင်ရွက်မှု အတွက် တစ်ရက်လျှင် နေ့တွက်စရိတ် ၄၈၀၀ ကျပ်နှုန်းဖြင့် တစ်ဦးလျှင်ငွေကျပ် ၉၁၂၀၀ ကျပ်စီအား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၄၁၉၅၂၀၀ ကိုဂုဏ်ပြုထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမျိုး(ယောဧရာ)