ကဝမြို့နယ် ကျေးရွာဒေသများတွင် သက်မွေးဝမ်းကျောင်းပညာများဖြင့် မိသားစုဝင်ငွေများရရှိရေး သင်တန်းများပို့ချ

ကဝ ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် သက်မွေးဝမ်းကျောင်းပညာများ ဒေသတွင်းကျွမ်းကျင်သည့်ပညာဖြင့် မိသားစုဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ယမန်နေ့နံနက်(၁၀)နာရီက အုန်းနှဲစံပြကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစန်းမြင့် နေအိမ်၌ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ဆပ်ကော်မတီနှင့် ဟင်္သာရွှေမြေတိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်းတို့ ပူးပေါင်း၍ သက်မွေးဝမ်းကျောင်း သင်တန်းများကို ပြုလုပ်ပေးခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

အဆိုပါကျေးရွာဒေသခံတောင်သူများအားပို့ချသည့် သက်မွေးဝမ်းကျောင်းသင်တန်းတွင် ပညာရပ်(၅)မျိုးဖြစ်သည့် သဘာဝမြေသြဇာပြုလုပ်နည်း၊ EM ဘိုကာချီပြုလုပ်နည်း၊ ငါးအမိုင်နိုပြုလုပ်နည်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စုပေါင်းစီမံခန့်ခွဲမှုသင်တန်း၊ ကောက်ရိုးမှိုနှင့် ဗေဒါမှိုစိုက်ပျိုးနည်းသင်တန်းတို့ကို တိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဒေါ်သူဇာခိုင်နှင့် တာဝန်ရှိသူများက လက်တွေ့သရုပ်ပြပို့ချပေးခြင်းနှင့် ဒေသအခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)