ငဖဲ ဒီဇင်ဘာ ၃၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်) တွင် တောင်ပေါ်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေးတို့အတွက် လာမည့် ၂၀၂၃ ခုနှစ် မိုးရာသီတွင်သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် ကော်ဖီခြံပျိုးဥယျာဉ်တွင် ဒေသနှင့်ကိုက်ညီ၍ အောင်မြင် ဖြစ်ထွန်းလျက်ရှိသော အာရေဗီးကားမျိုးဖြစ်သော ကက်တီမိုး (SL.28) စသည့် မျိုးကောင်းမျိုးသန့် ကော်ဖီပင်နှင့်အခြားအရိပ်ရပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါပျိုးဥယျာဉ်တွင် ကော်ဖီပင်(၁၁၅၀၀၀)၊ ထောပတ် (၂၀၀၀၀)၊မျောက်ငို (၂၀၀၀၀)၊ မက္ကတေး မီးယားပင် (၁၀၀၀၀) နှင့် ခါတော်မှီ (၂၀၀၀၀) စုစုပေါင်း (၁၈၅၀၀၀ )ပင်ကို ပျိုးထောင်ထားရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီအမီ ဒေသခံတောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ လွယ်ကူစွာ ကော်ဖီစိုက်ပျိုးနိုင်ရန်အတွက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ကော်ဖီခြံတာဝန်ခံ ဦးဇော်သိန်း ထံမှ သိရသည်။
ငဖဲမြို့နယ် တောင်ပေါ်ဒေသနတ်ရေကန်တွင် ၂၀၀၂ ခုနှစ်မှ စတင်၍ အာရေဗီးကား(ကုန်းမြင့်) ကော်ဖီမျိုးများကို စိုက်ပျိုးခဲ့ရာ ယနေ့ထိစိုက်ပျိုးရေးဦးစီးဌာနမှ ၂၉ ဧက နှင့် ပုဂ္ဂလိကတောင်သူစိုက်ဧက ၁၀၅၆ ဧက စုစုပေါင်း ၁၀၈၅ ဧကကျော် စိုက်ပျိုးထားပြီး လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကော်ဖီစိုက်ဧက ၂၅၀၀ ကို အကောင်အထည်ဖော် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ပြန်/ ဆက်)