ပခုက္ကူ ဒီဇင်ဘာ ၃၁
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်တော့မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၉ ရက် မွန်းလွဲ ၃ နာရီက ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်း ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က လွတ်လပ်ရေး၏ အနှစ်သာရ၊ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည့် အကြောင်းအရင်း၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသားမျိုးချစ် ပုဂ္ဂိုလ်များ၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့မှု သမိုင်းအကျဉ်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး ဦးတည်ချက်များ၊ နိုင်ငံသားတိုင်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ရမည့် လွတ်လပ်ရေးအကြောင်းတို့ကို ရှင်းလင်းဟောပြောပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။
ယင်းနောက် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ သင်တန်းသူများက Myanmar Fitness Dance အကပြိုင်ပွဲ၊ ထုပ်စည်းထိုးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲနှင့်လွန်ဆွဲပြိုင်ပွဲများ အသီးသီးယှဉ်ပြိုင်ကြသည်။
ကျောင်းသား၊ ကျောင်းသူလူငယ် လူရွယ်များအနေဖြင့် အခြေခံပညာဘာသာရပ်များအပြင် ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ စည်းလုံးညီညွတ်ရေးတို့အတွက် ရည်ရွယ်၍ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာ သင်တန်းကျောင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပေး ခြင်းဖြစ်ပြီး ပြိုင်ပွဲအလိုက်ဆု ရရှိသူများကို ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့တွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)