ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

ရေနံချောင်း ဒီဇင်ဘာ ၃၁

မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် (၂၀၂၂ ခုနှစ်အောင်) ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်း အနားကို ယမန်နေ့က အဆိုပါ တက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် တန်းအောင်မြင်ပြီး ရေနံချောင်းတက္ကသိုလ် ရင်ခွင်ကို ခိုဝင်လာတဲ့ သစ်လွင်မောင်မယ်တွေကို နွေးထွေးပျူငှာ လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ တက္ကသိုလ်ဆိုတာ စာသင်ယူဖို့တစ်ခုတည်းအတွက် ရည်ရွယ်ဖွင့်လှစ်ထားတာ မဟုတ်ပဲ ပေါင်းသင်းဆက်ဆံရေး၊ စာရိတ္တမြင့်မားရေး၊ အတွေးအခေါ် မှန်ကန်ထက်မြက်ရေး၊ အသင်းအဖွဲ့ စိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်တတ်ရေး စတဲ့အလေ့ အကျင့်ကောင်းတွေကို ပြုစုပျိုးထောင်ပေး တဲ့နေရာ ဖြစ်ပါကြောင်း၊ ယခုဆိုရင် ရေနံချောင်း တက္ကသိုလ်မှာ ဘွဲ့ကြိုသင်တန်းတွေသာမက ဘွဲ့လွန်သင်တန်း တွေပါ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သစ်လွင်မောင်မယ်တို့ အနေနဲ့ ပညာရေးကို ဆုံးခန်းတိုင်အောင် တက်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်း တစ်ခုဖြစ်ပါကြောင်း၊ မဟာဝိဇ္ဇာ မဟာသိပ္ပံတွေအထိ တိုးချဲ့သင်ကြား ပေးလျက်ရှိနေပြီမို့ မောင်တို့မယ်တို့အနေနဲ့ လက်လွတ်မခံဘဲ ကြိုးစားကြဖို့ကိုလည်း မှားကြားလိုကြောင်း၊ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ရေနံချောင်းတက္ကသိုလ်ရှိ ဆရာဆရာမကြီးများက မောင်မယ်သစ်လွင်များနှင့် တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီး ဝိဇ္ဇာဘာသာရပ်အားလုံးအတွက် သမိုင်းဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာကျော်ဆွေဦးက ဝိဇ္ဇာဘာသာရပ်ဆိုင်ရာများကို လည်းကောင်း၊ သိပ္ပံဘာသာရပ်အားလုံး အတွက် ဘူမိဗေဒပါမောက္ခ(ဌာနမှူး) ဒေါက်တာ သင်းသင်းဟန်က သိပ္ပံဘာသာရပ်ဆိုင်ရာများကို လည်းကောင်း မိတ်ဆက်ရှင်းလင်းပြီး သင်တန်း ရေးရာဌာန မော်ကွန်းထိန်းဦးကိုကိုဦးက တက္ကသိုလ်၏ စည်းကမ်းဆိုင်ရာများနှင့် လက်ထောက် စာကြည့်တိုက်မှူး ဒေါ်သင်းသင်းလှိုင်က စာကြည့်တိုက်အသုံးပြုပုံများကို ဆက်လက်ရှင်းလင်းပြောကြားသည်။

အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်ဇင်ဦး၊ အဖွဲ့ဝင်()ဗိုလ်မှူးသန်းဌေးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရေနံချောင်းတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာယဉ်ယဉ်အေးနှင့် သင်ကြား/စီမံဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ကျောင်းသားကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရ သည်။

မြို့နယ် (ပြန်/ဆက်)