အထက်မင်းလှ ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက လယ်လှကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးလင်းက သင်တန်းတွင် သင်ကြားပေးခဲ့ သည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၂၂)တွင် သင်တန်းသား ၅၀ ဦးအား ဒီဇင်ဘာ ၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ