ပြည် ဒီဇင်ဘာ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရွာမအုပ်စုနှင့် ပေါက်ခေါင်းခေါင်းမြို့နယ် ငါးခူအိုင်အုပ်စု ချောင်းခြားကျေးရွာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ် ကျေးလက်လက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ချောင်းခြားကျေးရွာတွင်း ကျောက်ရောမြေနီလမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးမင်းမင်းက အဖွင့်အမှာစကား ပြောကြား၍ ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းက လမ်းစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ကျေးရွာသူ/သားများ ကိုယ်စား ရပ်မိရပ်ဖ ဦးဝင်းနိုင်က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးမင်းမင်း၊ ခရိုင်ကျေး/လက် ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ ပြည်မြို့နယ် ချောင်းခြားကျေးရွာ ကျေးရွာတွင်း လမ်းဖောက်လုပ်ခြင်းကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်ရှိန်နှင့် ပေါက်ခေါင်းမြို့နယ် ချောင်းခြားကျေးရွာ ကျေးရွာတွင်း လမ်းဖောက်လုပ်ခြင်း ကော်မတီဥက္ကဋ္ဌ ဦးဌေးဇော်တို့အား အထိမ်းအမှတ် တံဆိပ်များ ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ကျေးရွာတွင်း လမ်းအား ကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးတွင်းလမ်းသည် ပြည်မြို့နယ် ရွာမအုပ်စုနှင့် ပေါက်ခေါင်းမြို့နယ် ငါးခူအိုင် အုပ်စုတို့ထိ ဆက်လျက်ရှိပြီး လမ်းအမျိုး အစားမှာ လမ်းကျောက်ရော မြေနီလမ်းအမျိုးအစား ဖြစ်ပြီး ၂၀၂၂-၂၀၂ ဘဏ္ဍာရေးနှစ် နိုင်ငံတော်မတည်ငွေ ကျပ်သိန်း (၁၀၀)နှင့် ကျေးရွာနေ ပြည်သူများ ထည့်ဝင်ငွေ ကျပ်(၅)သိန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့် ဖောက်လုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ယခုလို ကျေးရွာတွင်းလမ်း ဖောက်လုပ်နိုင်ခဲ့သည့်အတွက် ကျေးရွာသူ/သားများနှင့် ကျောင်းသား၊ ကျောင်းသူများ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စများတွင် လွယ်ကူလျှင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ အခမ်းအနားသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူများ၊ ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် တာဝန်ရှိသူများ၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကိုကိုနိုင်နှင့် တာဝန်ရှိသူများ၊ ပြည်ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုစိုး(ပြည်)