မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community   Centre) တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလေးများ ဉာဏ်ရည်မြင့်မားလာစေမည့် ပြိုင်ပွဲများကျင်းပ

မြောင်းမြ ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community    Centre) တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလေးများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားလာစေမည့် ပြိုင်ပွဲများဖြစ်သည့် စကားပုံဆက်ပြိုင်ပွဲ၊ ပူးပေါင်းဖောက်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းလှည့်ပြိုင်ပွဲ၊ ဘိုးလိမ်းပစ်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့ နေ့လည် (၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည် ဉာဏ်သွေး တိုးတက် သွက်လက်ထက်မြက်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်ပြီး ပူးပေါင်းလုပ်ဆောင်တတ်စေရန်၊ စိတ်ကူးဉာဏ်ကွန့်မြူးလာတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများပြုလုပ်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူတို့က စိတ်ပါဝင်စားပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်ပစ္စည်းများနှင့် မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများ စာအုပ်စာပေ ချစ်မြတ်နိုးတတ်လာစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး တိုးတက်လာစေရန် ရည်ရွယ်၍  ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာဖတ်ဝိုင်းများ၊ နယ်လှည့်စာငှားခြင်းတို့ကို  ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)