ပေါက်ခေါင်း ဒီဇင်ဘာ ၃၁
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်နှင့်ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ချောင်းခြားကျေးရွာ ကျေးရွာတွင်းကျောက်ရောမြေနီလမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးမျိုးမင်းမင်းက အမှာစကားပြောကြားပြီး၊ပြည်ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားကာ ကျေးရွာပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ အဆိုပါ ကျေးရွာတွင်း ကျောက်ရောမြေနီလမ်းအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးမျိုးမင်းမင်း၊ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ ရဲမှူးကိုကိုနိုင်နှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လမ်းအားကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါလမ်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရန်ပုံငွေကျပ် ၁၀ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် ၃၂၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါလမ်းဖွင့်ပွဲသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်အကြီးအကဲများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာသူ/ သား ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)