တောင်ငူ ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ နတ်စင်ကုန်းအခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီရွှေက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် လူငယ်များ အမှား/အမှန်ဝေဖန်ပိုင်းခြားတတ်သည့် အသိပညာမြင့်မားတိုးတက်ရေးအတွက် ကျောင်းစာကြိုးစားခြင်းအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာရေးတို့ကိုလည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်က ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ် အကြောင်းတို့ကိုလည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးသူ အမြစ်မကျန် အားလုံးပါဝင်တွန်းလှန်ရန်၊ မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် မူးယစ်ဆေးဝါးအန္တရာယ်စသည့် အသိပညာပေးနံရံကပ် စာစောင်များကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဇော်ကိုကို(ပြန်/ ဆက်)