ငါးသိုင်းချောင်း စက်တင်ဘာ ၂၃
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာတိုင်း Mask နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရေး၊ တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်များအပေါ် ပြည်သူများ လိုက်နာ ဆောင်ရွက်ရေး ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်နှင့် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့ကြက်ခြေနီ အသင်းခွဲငယ် အဖွဲ့တို့သည် ယနေ့နံနက်ပိုင်းက စည်ပင်သာယာ မြို့မဈေးကြီးအတွင်းနှင့် ဗိုလ်ချုပ်လမ်းမပေါ်ရှိ ဈေးဆိုင်များ၊ ဒေါင့်ကြီးဘက် ကျေးရွာအုပ်စု၊ ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီးပေါ်ရှိ စားသောက်ဆိုင်နှင့် ဈေးဆိုင်များကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ငါးသိုင်းချောင်းမြို့အတွင်းရှိ အများပြည်သူ ဆက်သွယ်သွားလာလျက်ရှိသည့် ဗိုလ်ချုပ်လမ်းမကြီးနှင့် ရွှေတောင်လမ်းဆုံနေရာတွင် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း mask နှာခေါင်းစည်း မဖြစ်မနေ စနစ်တကျ တပ်ဆင်ရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် mask နှာခေါင်းစည်းအခုရေ (၃၀၀) အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီး၏ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များကို အချိန်နှင့်တပြေးညီ အဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဌေးက ပြောကြား ထားကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)