နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဇလွန် ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေသြဇာနှင့် ယူရီးယားမြေသြဇာ) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြင်ရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လို အပ်သောသွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေသြဇာနှင့် ယူရီးယားမြေသြဇာ) ပေးအပ်ပွဲအခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးက (Contract Farming) ဆောင်ရွက်သည့် လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ တောင်သူများ အရည်အသွေးပြည့်မီသော သွင်းအားစုမြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် ထည့်သွင်း အသုံးပြုနိုင်ပြီး တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် တောင်သူအတွက် အကျိုးများသည့် လုပ်ငန်းစဥ် ဖြစ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများက ပြင်ရွာကျေးရွာအုပ်စုရှိ နွေစပါးစိုက်ဧက(၂၀၀)ဧက အတွက်ယူရီးယား ဓာတ်မြေသြဇာအိတ် (၄၀၀)ကို တောင်သူများထံသို့ အသီးသီးပေးအပ်ခဲ့ကြပြီး ဇလွန်မြို့နယ်တွင် နွေစပါး (Contract Farming) ဆောင်ရွက်သည့် စုစုပေါင်း စိုက်ဧက(၃၄၀)ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုး၏ ပြောကြားချက်အရ သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)