ညောင်လေးပင်တွင် ဘဏ်များ၊ တည်းခိုခန်းများ၊ မြို့မဈေး‌နှင့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ညောင်လေးပင် စက်တင်ဘာ၂၃

ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် ယနေ့ နံနက်ပိုင်းက ညောင်လေးပင်မြို့ပေါ်ရှိ ဘဏ်များ၊ တည်းခိုခန်းများ၊ မြို့မဈေး‌နှင့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးမင်းအောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များဖြင့် ကျန်းမာရေးညွန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားမှုရှိမရှိ စစ်ဆေးပြီး  လိုအပ်သည်များ လိုက်နာဆောင်ရွက်ရန် အသိပညာပေးပြော ကြားခဲ့ကြသည်။
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် စက်တင်ဘာ ၂၀ ရက်နေ့မှ စပြီး လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင် များအား ပါဆယ်စနစ်ဖြင့် ရောင်းချရန်နှင့် ဈေးများတွင် ကုန်စိမ်း၊ကုန်ခြောက်၊စားသောက်ကုန်၊ ဆေးဝါးဆိုင်များမှအပ ကျန်ဈေးဆိုင်ခန်း အားလုံး စက်တင်ဘာ ၂၀ ရက်နေ့မှစ၍ နှစ်ပတ်တိတိ ပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)