စိုက်ပျိုးရေးဦးစီးဌာန  မုံရွာခရိုင်ဦးစီးမှူးရုံးဝန်းတွင် တောင်သူနည်းပညာပေး သင်တန်းဖွင့်ပွဲ နှင့်  ဝါ၊ဝါမျိုးစေ့ နှင့် ဝါထွက်ပစ္စည်းပြပွဲများ  ကျင်းပပြုလုပ်

မုံရွာ၊ ဒီဇင်ဘာ ၃၀

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး  စိုက်ပျိုးရေးဦးစီးဌာန မုံရွာခရိုင်ဦးစီးမှူးရုံး၌ တောင်သူ နည်းပညာပေးသင်တန်းဖွင့်ပွဲနှင့် ပြပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး က တောင်သူများအား သီးနှံများအထွက်တိုးစေရေး၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေးအတွက် ပညာပေးပြောကြားပြီး ယူရီးယား ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ရောင်းချနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆောင်းသီးနှံများ  ဖြစ်သည့် ဆီထွက်သီးနှံ ပဲမျိုးစုံနှင့် စားဖိုဆောင်သီးနှံများ အထွက်တိုးရေးအတွက် ဝန်ထမ်းနှင့် တောင်သူ နည်းပညာပေး သင်တန်းတွင် ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့် (ဒုတိယညွှန်ကြားရေးမှူး) က “ ဆောင်းသီးနှံများ အထွက်နှုန်း တိုးတက်ရေး   ဆိုင်ရာနည်းပညာများ”ပြောကြားပြီး ခရိုင်မျိုးစေ့တာဝန်ခံက “နေကြာသီးနှံ တစ်ဧက အထွက်နှုန်းတိုးတက်ရေး  အတွက် စိုက်ပျိုးရေး နည်းစနစ်ကောင်းများအား လည်းကောင်း ခရိုင်မြေအသုံးချရေး တာဝန်ခံက သစ်စိမ်းမြေဩဇာနှင့် သဘာဝ မြေဩဇာများ ပြုလုပ်သုံးစွဲခြင်းနှင့် ထရိုင်ဂိုဒါးမားမှို အသုံးပြု နည်းအမျိုးမျိုးအား သီးနှံများ ရောဂါကာကွယ်ရေးနှင့် မြေဆီလွှာဖွံ့ဖြိုးရေး ၊ သီးနှံများအထွက်တိုးရေး တို့အတွက် အသီးသီး ပညာပေး ဆွေးနွေးပို့ချ ခဲ့ကြသည်။

ထို့နောက် ဝါဈေးနှုန်းမြင့် တက်နေချိန်တွင် တောင်သူများ စိတ်ဝင်စားစွာ  စိုက်ပျိုးလာကြစေရန် ရည်ရွယ်ပြီး    ဝါစိုက်ဧကများ တိုးတက်လာစေရေးအတွက် ဝါ ၊  ဝါမျိုးစေ့ နှင့် ဝါထွက်ပစ္စည်း များကို တောင်သူ များအား  အသိပညာပေး ပြပွဲတို့အပြင် ခရိုင်ဦးစီးမှူးရုံးအတွင်းရှိ ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ ဓာတ်ခွဲခန်းတွင် ပိုးသတ်ဆေးများလျော့ချ သုံးစွဲစေရေး၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး၊ တောင်သူများ ကုန်ကျစရိတ်သက်သာ စေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်ရွယ်ကာ ဥကပ်ပါး နဂျီများ ထုတ်လုပ်သည့်လုပ်ငန်းစဉ် အဆင့်ဆင့်အား တောင်သူများ ဗဟုသုတရစေရန်အတွက် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး တက်ရောက်လာကြသည့် တောင်သူများ၏ သိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ယင်းနောက် ခရိုင်ရုံးအတွင်းရှိ ပိုးသတ်ဆေး ဓာတ်မြေဩဇာများ သုံးစွဲခြင်းမရှိပဲ စိုက်ပျိုးထားသော Home Garden စိုက်ခင်းများအား ဝန်ထမ်းများ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးနှင့် ငွေကုန်ကြေးကျသက်သာစေရေး ရည်ရွယ်၍ စိုက်ပျိုးထားရှိမှုများကို တာဝန်ရှိသူ များက လိုက်လံပြသရှင်းလင်း၍ တောင်သူများ မိမိအိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်း ရွက်များ စိုက်ပျိုးလာကြစေကြောင်း နည်းပညာပေးဆွေးနွေးခဲ့သည်။

အဆိုပါ  တောင်သူနည်းပညာပေးသင်တန်းနှင့် ပြပွဲများသို့ တောင်သူ  (၅၁) ဦးနှင့် ဝန်ထမ်း (၂၉)ဦး စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)