ကလေး ဒီဇင်ဘာ ၃၀
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာ၊ ကလေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ကျောင်းသား/ကျောင်းသူ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကလေးတက္ကသိုလ်ရှိ ကဘော်(၃)ခန်းမတွင် စည်ကားစွာကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။ ထို့နောက် ကလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းက မောင်မယ်သစ်လွင်များကို တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများနှင့်လျော်ညီသည့် သွားလာနေထိုင်စားသောက်မှုဆိုင်ရာ စည်းကမ်းများလိုက်နာ၍ ကြိုးစားလေ့လာသင်ယူကြရန် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဌာနမှူးများ၊ သိပ္ပံနှင့်ဝိဇ္ဇာဘာသာရပ်များ သင်ကြားပို့ချပေးမည့် ပါမောက္ခများ၊ ဆရာ/ ဆရာမများတစ်ဦးချင်းစီကို မိတ်ဆက်ပေးခဲ့သည်။
ဆက်လက်၍ ကလေးတက္ကသိုလ်သင်တန်းရေးရာဌာနမှူး ဦးခင်မောင်လွင်က မောင်မယ်သစ်လွင်များအား စည်းကမ်းပိုင်း၊ စာမေးပွဲနှင့် သင်တန်းရေးရာကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာဝင်းမင်းလတ်က ဝိဇ္ဇာဘာသာရပ်များအကြောင်းနှင့်သတ္တဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာလှထူးက သိပ္ပံဘာသာရပ်များအကြောင်း သိကောင်းစရာများကို ရှင်းလင်းမိတ်ဆက် ပေးခဲ့ကြသည်။
အခမ်းအနားသို့ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်နှင့် ဘာသာရပ်အလိုက်ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကလေးတက္ကသိုလ်မှ တာဝန်ရှိဝန်ထမ်းများနှင့် မောင်မယ်သစ်လွင်ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့ကြပြီး ကလေးတက္ကသိုလ်တွင် ပထမနှစ်မှ မဟာဘွဲ့သင်တန်းအထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၈၇) ဦး တက်ရောက်၍ ပညာသင်ကြားလျှက် ရှိကြောင်း သိရသည်။
ကလေး(ပြန်/ဆက်)