မော်လမြိုင်ကျွန်း ဒီဇင်ဘာလ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေဩဇာနှင့် ယူရီးယားမြေဩဇာ) ပေးအပ်ပွဲအခမ်းအနားအား ယနေ့နေ့လည် ၁၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါသွင်းအားစုပေးအပ်ပွဲ အခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သော “နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်” ဆိုသည့်မူဝါဒနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်၍ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်အတွက် ၂၀၂၂/၂၀၂၃ ခုနှစ်၊ နွေစပါးသီးနှံနှင့် ပဲတီစိမ်းသီးနှံများတွင် သွင်းအားစု ဓါတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ ထည့်သွင်းသုံးစွဲနိုင်ရန်အတွက် နွေစပါးတစ်ဧကလျှင် ကျပ်(၂၀၀၀၀၀)နှင့် ညီမျှသော ဓါတ်မြေဩဇာများ၊ ပဲတီစိမ်းတစ်ဧကလျှင် ကျပ် (၁၂၀၀၀၀)နှင့် ညီမျှသော ရွက်ဖြန်းမြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို တောင်သူများရရှိအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသောကျေးရွာအုပ်စု (၁၇)အုပ်စုမှ ဒေသခံတောင်သူများထံသို့ (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေဩဇာနှင့် ယူရီးယားမြေဩဇာ) သွင်းအားစုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်၊ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်သွင်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)