ညောင်တုန်းမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးရာ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန် စီမံ ဆောင်ရွက်ပေး

ညောင်တုန်း စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးခြင်းကို စက်တင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေးနှင့် လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ပေး လျက်ရှိသည်။

ပင်စင်လစာထုတ်ပေးရာတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အငြိမ်းစားဝန်ထမ်းများအား သတ်မှတ် ထားသောနေ့ရက်များအလိုက် ရုံးဖွင့်ရက်များတွင် ပင်စင်စား (အငြိမ်းစား) လစာများကို (ပင်စင်ကတ်) စနစ်ဖြင့် ထုတ်ပေးလျက်ရှိကြောင်း၊ Myanmar Mobile Money (MMK) စနစ် အသုံးပြု၍လည်း နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးထားပြီး ပင်စင်ထုတ်ယူရာတွင် ဘဏ်၏အပြင်ဘက်တွင် လက်ဆေးဘေစင်ထားရှိပြီး လက်ဆေးခြင်း၊ နှာခေါင်းစည်း များတပ်ဆင်ပြီးမှသာ ဘဏ်အတွင်းသို့ဝင်ရောက်ကာ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ စီတန်းပြီး အလှည့်ကျ စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရန်အတွက် အမှတ်()ရပ်ကွက်ရှိ ကျန့်တိတ်ဘုရားကျောင်းတွင်လည်း ခြောက်ပေအကွာ ခုံများချထားပေးပြီး ပင်စင်လစာများကို လွယ်ကူအဆင်ပြေစွာ ထုတ်ပေးရန် စနစ်တကျ စီမံဆောင်ရွက် ထားပေး လျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။

ဝဠာနိုင် (ညောင်တုန်း)