သရက် ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းသို့ဒေသစာရီ ကြွချီအပူဇော်ခံပွဲ ကျင်းပခြင်းအခမ်းအနားကိုယနေ့ နံနက် ၈ နာရီက သတ္တဌာနဘုရားကြီး၏ မြတ်စွယ်တော် ဂန္ဓကုဋီတိုက် ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး မြတ်စွယ်တော် ကိန်းဝပ်တော်မူသော ရွှေစေတီမှ ဗုဒ္ဓမြတ်စွယ်တော်အား ပင့်ဆောင်ကာ ဩဝါဒါစရိယဆရာတော်ကြီးများက ဇယံတောဗောဓိယာမူလေ အစချီသော အောင်ဂါထာတော်များရွတ်ဆိုပူဇော်ကာ အလင်းရောင်ကျောင်းတိုက်ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ပြီး ဆရာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဗုဒ္ဓမြတ်စွယ်တော်အား ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်အပေါင်းက ဩကာဿကန်တော့ချိုးဖြင့် ကန် တော့ပူဇော်ပြီး ဗုဒ္ဓမြတ်စွယ်တော်အား မြို့တွင်းသို့ ဒေသစာရီ ကြွချီအပူဇော်ခံရန်ဆရာတော်မှလျှောက်ထားပြီး ဗုဒ္ဓမြတ်စွယ်တော်ကို မြို့တွင်းသို့ ဒေသစာရီကြွချီ အပူဇော်ခံမည့် ကရဝိတ်ယာဉ်ပေါ်သို့ လှည့်လည်အပူဇော်ခံရန် ဩဝါဒါစရိယ ဆရာတော်ကြီးများ နှင့် ဂေါပကအဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေး ကော်မတီဝင်များက ကရိတ်ဝိတ်ယာဉ်ပေါ်သို့ လက်ဆင့်ကမ်း ပင့်ဆောင်ပြီး ဝတ်အသင်းများ၊ ယိမ်းအက အလှယာဉ်များဖြင့် မြို့တွင်းသို့ လှည့်လည် အပူဇော်ခံမည်ဖြစ်ကြောင်းသိရသည်။
ဇော်ထက်(သရက်)