ဝန်းသို စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် တေဇကျေးရွာရှိ အခြေခံပညာမူလ တန်းကျောင်း၌ ယမန်နေ့က (မကျည်းကုန်း+တေဇ) မြစိမ်းရောင်ကျေးရွာစီမံကိန်း နှစ်ရွာပေါင်း တစ်ယူနှစ်အတွက် စတုတ္ထနှစ်စက်ဝန်းလည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးပေးခြင်းနှင့် ရွှေ့လျားဝန်ဆောင်မှုလုပ်ငန်း များကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေ့လျားဝန်ဆောင်မှုလုပ်ငန်း( Mobile Service Delivery)အဖြစ် ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်စောအေး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းထွန်း လတ်၊ စိုက်ပျိုးရေးဦးစီးဌာန လ/ထဦးစီးမှူး ဦးရန်နိုင်ထွန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါက်တာ နှင်းစန္ဒာဘိုအောင်တို့က မိမိတို့ ဌာနအလိုက် ပြည်သူများအား ဝန်ဆောင်မှုပေး လျှက်ရှိသောလုပ်ငန်းများအကြောင်းကို အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ပြန်လည်ထုတ်ချေးပေးရာတွင် စိုက်ပျိုးရေး လုပ်ငန်း အတွက် တောင်သူ (၇၀)ဦးကို ငွေကျပ်(၂၇၂)သိန်း၊ မွေးမြူရေးလုပ်ငန်းအတွက် တောင်သူ (၂၂)ဦးကို ငွေကျပ်သိန်း (၁၀၀)၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်ရန်အတွက်တောင်သူ (၈)ဦးကို ငွေကျပ်သိန်း(၃၀)၊ စုစုပေါင်း တောင်သူ(၁၀၀)ဦးကို ငွေကျပ်(၄၀၂)သိန်း ပြန်လည်ထုတ်ချေးပေးခဲ့ပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ အိမ်ထောင်စုများ၏ ၇၅ ရာခိုင်နှုန်းသော ကျေးလက်ပြည်သူများ အတိုးနည်းချေးငွေများဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြစိမ်း ရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်တွင် ဒီဇိုင်းရေးဆွဲ စတင်အကောင်အထည်ဖော်ခဲ့ရာ ဝန်းသိုမြို့နယ်တွင် ယူနစ်ပေါင်း(၂၁)ယူနစ်၊ ကျေးရွာပေါင်း (၃၅)ရွာတွင် စီမံကိန်းလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးမှုး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)