မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

ကန့်ဘလူ စက်တင်ဘာ ၂၃

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီသည် မဲဆွယ်စည်းရုံးရေးကာလတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြားတွင် အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့် လုပ်ငန်းစဉ် လက်စွဲနှင့်အညီ အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကောမတီ အဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင် ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

 အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် မြို့မိမြို့ဖအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ဝင်းက အမှာစကားပြော ကြားပြီး တက်ရောက်လာသူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားကြသည်။ထို့နောက် မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုမာခိုင်က မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ် လက်စွဲအား ရှင်းလင်းဆွေးနွေးပြီး ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့်မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ကိစ္စများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။

 ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည့်အချက်များနှင့် အကြံပြုတင်ပြချက်များကို ဆွေးနွေး မေးမြန်းကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)