လေးမျက်နှာ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားလာသဖြင့် လေးမျက်နှာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းများနှင့် လမ်းဘေးဈေးဆိုင်များ၊ နေအိမ်များတွင် ဖွင့်လှစ်ရောင်းချသူများ၊ ပုဂ္ဂလိကအိမ်ဆိုင်များ၊ အခြားလုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်သူများ အနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်၊ အသိပေးနှိုးဆော်ခြင်းနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းတို့ကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်းအဖွဲ့မှ မြို့ပေါ် ရပ်ကွက်အတွင်းရှိ ဈေးများအတွင်း အခြေခံစားသောက်ကုန် ပစ္စည်းများနှင့် ဆေးဝါးပစ္စည်း ရောင်းချသည့် ဆိုင်များ၊ လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ စတိုးဆိုင်၊ ကုန်ခြောက်ဆိုင်၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များနှင့် ပုဂ္ဂလိက အိမ်ဆိုင်များအား နေ့စဉ် နံနက် ၆ နာရီမှ နေ့လည် ၂ နာရီအထိသာ ရောင်းချသွားရန်နှင့် ကျန်ရှိသည့်ဆိုင်များအား ယာယီပိတ်သိမ်း ထားရှိရန်၊ ပုဂ္ဂလိက ဆေးဝါး အရောင်း ဆိုင်များအား နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိသာ ဖွင့်လှစ်ရောင်းချသွားရန်၊ သတ်မှတ် ထားသည့် ဖွင့်လှစ်ရောင်းချချိန်အတွင်း ဈေးရောင်းချရာတွင် ပါဆယ်(Take-Away)စနစ်ဖြင့် သာရောင်းချကြ ရန်နှင့် လက်အိတ်၊ Mask များတပ်ဆင်၍ ရောင်းချသွားရန်၊ ဈေးဆိုင်များ မိမိတို့ ရောင်းချသည့် ကုန်ပစ္စည်းများအလိုက် သတ်မှတ်ပေးထားသည့် အချိန်အတိုင်းအတာအတွင်းသာ ဖွင့်လှစ် ရောင်းချသွားရန်နှင့် သတ်မှတ်ချိန်ပြည့်ပါက ဆိုင်အားပိတ်သိမ်းထားရန် စသည့် ညွှန်ကြားချက် များအား ၂၁-၉-၂၀၂၀ ရက်နေ့မှ ၁-၁၀-၂၀၂၀ ရက်နေ့အထိ အလေးထား လိုက်နာ ဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲ ဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အသံချဲ့စက် ဖြင့် လိုက်လံအသိပေးနိုးဆော်ခြင်း၊ အဆိုပါ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းတို့ကို အရှိုန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုး(ပြန်ဆက်)