ပုလော၊ စက်တင်ဘာ ၂၃
မြိတ်ခရိုင်၊ ပုလောမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုထ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကိုယမန်နေ့နံနက်ပိုင်းတွင် ပုလောမြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာ၀န်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးတွင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ပုလောမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်စိုးက နိုင်ငံတော်အစိုးရအနေနဲ့ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ၊ မိသားစုစား၀တ်နေရေးအဆင်ပြေစေရေးနှင့် အလုပ်အကိုင်အခက်အခဲ ဖြစ်ခဲ့မှုများအပေါ် ယခုလို ငွေကြေးထောက်ပံ့ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် မင်းထိန်ကျေးရွာအုပ်စုရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၁၆၂) စုအတွက် တစ်စုလျှင်ငွေကျပ်(၂)သောင်းစီ စုစုပေါင်း (၃၂၄၀၀၀၀)ကို ပြည်သူလက်၀ယ်အရောက် ပေးအပ်ခဲ့သည်။
အလားတူ ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာ အသီးသီးရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ (၁၂၈၇၂)စု အတွက် နိုင်ငံတော်မှစတုထ္ထအကြိမ်ထောက်ပံ့ငွေ (၂)သောင်းကျပ်စီကို ပုလောမြို့နယ် ကိုဗစ်−၁၉ ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အဖွဲ့ (၈)ဖွဲ့ခွဲ၍ ပြည်သူများလက်၀ယ်အရောက် ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
အေးအေးမော်(ပုလော ပြန်/ဆက်)