ကလိန်အောင် ဒီဇင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှကြီးမှူး၍ မြို့အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရန်အတွက် ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အိမ်တွင်းမှုလုပ်ငန်း ပညာရပ်တစ်ခုဖြစ်သည့် ဆံညှပ်ကလစ်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က အဖွင့်အမှာစကားပြောကြားရာတွင် " ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေအဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် လူငယ်ဘဝတန်ဖိုးရှိသည့် အချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေနိုင်ရေးနှင့် လူငယ်ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ယခုလိုမျိုး အသက်မွေးဝမ်းကျောင်း ပညာရပ် အသီးသီးများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းကို တက်ရောက်ကြသည့် သင်တန်းသား/သူများကိုလည်း မိမိတို့ဌာနမှ သင်ထောက်အကူပစ္စည်းများကို အခမဲ့ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းပြီးစီးပါက လူငယ်များအတွက် အကျိုးရှိစေမည့် နောက်ထပ် အသက်မွေးဝမ်းကျောင်း လုပ်ငန်းပညာရပ်များကို ဆက်လက်ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းသား/သူများ အနေဖြင့်လည်း မပျက်မကွက် တက်ရောက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာမက ဆံညှပ်ကလစ်ပြုလုပ်နည်း သင်တန်းတွင် သင်ကြားပေးမည့် ပညာရပ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲကို ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး ကလိန်အောင်မြို့အတွင်းရှိ သင်တန်းသား/သူ လူငယ်(၁ဝ)ဦးအား တက်ရောက်ကာ သင်တန်းနည်းပြ ဆရာမတစ်ဦးက လက်ကိုင်အိတ်ထိုးနည်း အဆင့်ဆင့် ပြုလုပ်ပုံစံအမျိုးမျိုးကို ဒီဇင်ဘာ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)