မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

ဖလမ်း               ဒီဇင်ဘာ           ၂၈

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈:၃၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ခရိုင်မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များအား အထောက်အကူပစ္စည်းပေးအပ်ရာ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းကလက်ခံရယူပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်း ဖွင့်လှစ်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဟားခါးမြို့နည်းပြများထံမှ Virtual စနစ်ဖြင့် သင်တန်းတက်ရောက်ခဲ့ကြသည့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံး မြို့နယ်ဦးစီးမှူးဦးလှမင်းဦးနှင့် မြို့နယ်ပညာရေးမှူးဦးဟုမ်ဇထန်းတို့က ဖလမ်းမြို့နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဆောင်ရွက်သွားမည့် သင်တန်းသား(၃၅)ဦးတို့အား ဆင့်ပွားသင်တန်းပို့ချခဲ့ကြသည်။

ဖလမ်းမြို့နယ်တွင် မြေပြင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ကျင်မွာလ်ရပ်ကွက်၊ ဗလိုင်ရပ်ကွက်၊ ဖါရ်ထောက်ရပ်ကွက်၊ တလန်လိုရပ်ကွကစသည့် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်တွင် ဇန်နဝါရီလ(၉)ရက်နေ့မှစတင်၍ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များက တစ်အိမ်တက်ဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ဝင်များ၊ သင်တန်းသာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ကြကြောင်း သိရသည်။

ရဲမြင့်အောင်