ပဲခူးမြို့နယ်၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူး ဒီဇင်ဘာ ၂

လူငယ်များ   ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယ​နေ့ နံနက် ၁၀ နာရီ က ပဲခူးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်း​ကျောင်းရှိ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အမှတ်(၆) အခြေခံပညာအထက်တန်း​ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန္တာကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ  ဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူများသည် အသိပညာ၊ အတက်ပညာနှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန် လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူ အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့်  ယဉ်ကျေးလိမ္မာစွာ  ပြောဆိုဆက်ဆံ တတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်​ကြောင်း​ ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ခဲ့ရာ ဦး​ဆောင်​​ဆွေး​နွေးသူအဖြစ် ပဲခူးခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ​ဒေါ်‌ယဉ်ယဉ်နုက ဦးဆောင်ဆွေးနွေးကာ Grade-9 မှ ကျောင်းသား မောင်ကျော်သူအောင်က လူငယ်နှင့်စာဖတ်ခြင်း၊ Grade -10မှ ကျောင်းသား မောင်အောင်သက်ပိုင်က လူငယ်နှင့်စာရိတ္တ၊ Grade-11 မှ ကျောင်းသား မောင်မင်းခန့်ရာဇာက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ Grade-9 မှကျောင်းသူ မယမင်းထက် က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade -10မှ ကျောင်းသူ မငြိမ်းရိပ်ဝေ က လူငယ်နှင့်အားကစား၊  Grade-11 မှ ကျောင်းသူ မထက်စန္ဒာအောင်က လူငယ်နှင့်လူမှုမီဒီယာ အစရှိသည့်​ ခေါင်းစဥ်ပါ အ​ကြောင်းအရာများကို​ ဆွေး​နွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင် ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူ (၆) ဦးမှ ပြန်လည်ဖြေကြားခြင်းဖြင့်  အပြန်အလှန် ဆွေးနွေးကြပြီး  ဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူများ ကိုယ်စား လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်ဆွေးနွေးသူ ၊ Grade-11 မှ ကျောင်းသား မောင်မင်းခန့်ရာဇာက စကားဝိုင်းတွင် ပါဝင်ဆွေးနွေးရသဖြင့် အသိပညာဗဟုသုများစွာ ရရရှိပါကြောင်း၊ စီစဉ်ပေးသော တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများအား ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဝေငှခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်များကို တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ အမှတ်(၆) အခြေခံပညာအထက်တန်း​ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစု‌ပေါင်း(၂၀၀ ) ဦး တက်ရောက်ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ ဆက်)