ကယားပြည်နယ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၉/၂ဝ၂၂)ကျင်းပ

လွိုင်ကော်             ဒီဇင်ဘာ            ၂၈

ကယားပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၉/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က “ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ၎င်းတို့ကိုအခြေခံသော ကုန်ထုတ်လုပ်မှုများ စဉ်ဆက်မပြတ်တိုးတက်စေရေး အထောက်အကူပြုစေရန်ရည်ရွယ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ငွေများကို စိုက်ပျိုးမွေးမြူရေး အစုအဖွဲ့များထံသို့ ပထမအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် တိုးတက်အောင်မြင်အောင် စစ်ဆေးကြပ်မတ်ကူညီဆောင်ရွက်ပေးနေရန်လိုကြောင်း၊ ယခုထပ်မံထောက်ပံ့ပေးရန် ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူများက စနစ်တကျကွင်းဆင်းစိစစ်ခြင်း၊ အတည်ပြုခြင်း၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထောက်ပံ့ထုတ်ပေးခြင်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း ” ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိဌာနအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ အစုအဖွဲ့လိုက်ဆောင်ရွက်မည့်အစီအစဉ်များ ချေးငွေထုတ်ပေးမှုများ၊ ချေးငွေထပ်မံလျှောက်ထားမှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြဆွေးနွေးမှုအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)