လွိုင်ကော် ဒီဇင်ဘာ ၂၈
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် လွိုင်ကော်မြို့ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များဝင်ရောက်ယှဉ်ပြိုင်ကြရာ၊ စာစီစာကုံးပြိုင်ပွဲတွင် “မိုးသို့လွင့်ပျံလွတ်လပ်ရေးရဲ့အသံ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး၊ ကဗျာပြိုင်ပွဲတွင် “လွတ်လပ်ရေးအမွေထိန်းစို့လေ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၆)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် “ထိန်းသိမ်းစောင့်ရှောက်ရမည့်လွတ်လပ်ရေး” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၆) ဦး၊ စုစုပေါင်း (၂၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကျင်းပနေမှုအား ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဖိုးလုံး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဇန်နဝါရီလ ၄ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇင်