တောင်ငူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပ

တောင်ငူ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊ တောင်ငူတက္ကသိုလ်  ( တောင်ငူ ) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်  ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် တက္ကသိုလ် ကျောင်းသား ကျောင်းသူများက "မြကျွန်းညိုညို" တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၊ “ပညာဝေစည် ကေတုမတီ” သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ မောင်မယ်သစ်လွင် ကြိုဆိုပွဲအားကျင်းပရာ တောင်ငူတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ မြတ်ညွန့်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်ကြသည့် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ ၊ ပါမောက္ခ(ဌာနမှူး)များ ၊ ပါမောက္ခများ ၊ စီမံရေးရာ အရာရှိများက တစ်ဦးချင်းအလိုက်  မိတ်ဆက်စကား​ပြောကြားသည်။

ယင်းနောက် သိပ္ပံဘာသာရပ်များအကြောင်း သိကောင်းစရာများကို ရုက္ခဗေဒဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာ စန္ဒာသိန်းက လည်းကောင်း ၊ ဝိဇ္ဇာဘာသာရပ်အကြောင်း သိကောင်းစရာများကို မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာချိုချိုလွင်က လည်းကောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ မောင်မယ်သစ်လွင်  ကြိုဆိုပွဲသို့ ပထမနှစ် ကျောင်းသား ကျောင်းသူ (၉၀၀)ဦး တက်ရောက်ခဲ့ပြီး၊ တောင်ငူတက္ကသိုလ်၏ သင်တန်းနှစ်အသီးသီး၌ ပညာသင်​ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေ (၃၀၀၀)​ဦးကျော် ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)