ညောင်တုန်း ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မဲဇလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မဲဇလီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်က စာသုံးသူများအနေဖြင့် သတိပြုလိုက်နာရမည့် အချက်များ၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာ ဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် စားသုံးသူရေးရာ အသိပညာပေး အကြောင်းများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ခြင်း အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်စသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာ အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါက်တာခင်ခင်ကြီးက နွားနို့တိုက်ကျွေးခြင်းနှင့် နွားနို့သောက်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကိုလည်းကောင်း ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နယ်လှည့်နံရံကပ်စာစောင် ပြသခြင်းနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြိုနယ်အတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းတို့နှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေးလှူဒါန်းမှုအစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူလေးများအား နွားနို့များ လှူဒါန်းတိုက်ကျွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)