ကသာခရိုင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲပြုလုပ်

ကသာ ဒီဇင်ဘာ  ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်တို့ကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတို့၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို အထက်တန်းအဆင့် “အထွတ်အမြတ်သွေးနှင့် လွတ်လပ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ပြိုင်ပွဲကို “လွတ်လပ်ရေးအမွေနှင့် လူငယ်တို့တာဝန်” ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင်  “လွတ်လပ်ရေးပွဲတော်တို့နွဲပျော်” ခေါင်းစဉ်ဖြင့်လည်းကောင်း ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာတို့က ကျောင်းသား/ကျောင်းသူလေးများ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး/ပန်းချီပြိုင်ပွဲတို့တွင် ဝင်ရောက်ဖြေဆိုနေကြသည်များကို ကြည့်ရှုအားပေးခဲ့ ကြသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး/ ပန်းချီပြိုင်ပွဲသို့ ကသာမြို့နယ်အတွင်းရှိ ကျောင်းများမှ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၃၃)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၅၄)ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် (၄၇)ဦး စုစုပေါင်း(၁၃၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဆုရရှိသူများကို ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောကလျာထံမှ သိရှိရသည်။                                                                                                               

ကျော်စွာ(ကသာ)