ကျွန်းစု ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးနှင့် ဝန်ထမ်းများက ယနေ့နေ့လယ် ၁၂ နာရီခွဲတွင် ကျွန်းစုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများထံ အခမဲ့ ဖြန့်ဝေပေးကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားခဲ့သည့်လွတ်လပ်ရေး မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၄-၁-၂၀၂၂) ရက်နေ့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ မြင်းမူမောင်နိုင်မိုး ရေးသားသည့် “လွတ်လပ်ရေးပန်းမို့ မနွမ်းစေချင်” ကဗျာ၊ စည်းလုံးညီညွတ်မှုကိုတည်ဆောက်၊ စည်းလုံးညီညွတ်စွာ ဆက်လက် ထိန်းသိမ်းစောင့်ရှောက် ဆောင်းပါးများ၊ လွတ်လပ်ရေးကို ကာကွယ်ပါ- အမိနိုင်ငံတော်ကိုချစ်မြတ်နိုးပါ၊ ပြည်ထောင်စုအမွေအမြဲတည်တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စို့ ဆောင်ပုဒ်များနှင့် ကာတွန်းဆရာလှထွဋ်ဦး၏ တစ်ကွက်ကာတွန်း စသည့်အချက်များ ဖော်ပြပါရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)